အာဂျင်တီးနားအသင်း ရေပန်းအစားဆုံးဖြစ်နေတဲ့ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ

ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၉ ကိုပါအမေရိက ဖလားပြိုင်ပွဲဟာ တောင်အမေရိကအသင်း (၁၀)သင်း နဲ့ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်အသင်း (၂) သင်း စုစုပေါင်း (၁၂) သင်းတိတိ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဗိုလ်စွဲတဲ့ အသင်းဟာ ဖီဖာကကျင်းပတဲ့ ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲကို တောင်အမေရိကတိုက် ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။

ကိုပါအမေရိကဖလား ပြိုင်ပွဲဟာ တောင်အမေရိကတိုက်ရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတစ်ခု ဖြစ်ပြီး လက်ရှိချန်ပီယံကတော့ ချီလီအသင်းဖြစ်ပါတယ်။ ချီလီအသင်းသာ ယခုပြိုင်ပွဲမှာ ထပ်မံဗိုလ်စွဲခဲ့ပါက ကိုပါအမေရိကသမိုင်းတစ်လျှောက် ပထမဦးဆုံး ၃ကြိမ်ဆက် ချန်ပီယံအဖြစ် စံချိန်သစ် တင်နိုင်မှာလည်း ဖြစ်ပါတယ်။ ချီလီအသင်းဟာ နောက်ဆုံး နှစ်နှစ်ဆက်တိုက် အာဂျင်တီးနားအသင်းကို အနိုင်ရပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

မဲခွဲမှုတွေအပြီးမှာတော့ အိမ်ရှင် ဘရာဇီးအသင်းဟာ အုပ်စု(A)မှာ ဘိုလစ်ဗီးယား ၊ ဗင်နီဇွဲလား ၊ ပီရုးအသင်းတို့်နဲ့အတူ ကျရောက်နေပြီး အုပ်စု (B) မှာတော့ နာမည်ကြီး အာဂျင်တီးနားအသင်းဟာ ကိုလံဘီယာ ၊ ပါရာဂွေး နဲ့ ဧည့်သည် ကာတာအသင်းတို့နဲ့ တွေ့ဆုံနေတာ ဖြစ်ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အုပ်စုတစ်ခု လို့သတ်မှတ်ရပါမယ်။ အုပ်စု (C) မှာတော့ လက်ရှိချန်ပီယံ ချီလီအသင်းဟာ ဥရုဂွေး ၊ အီကွေဒေါ ၊ ဧည့်သည် ဂျပန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

ယခုနှစ် ကိုပါအမေရိကပြိုင်ပွဲကို ဇွန်လ ၁၄ရက်နေ့မှာ အိမ်ရှင် ဘရာဇီး – ဘိုလစ်ဗီးယား ပွဲစဉ်နဲ့ စတင် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဘရာဇီးအသင်းဟာ ကိုပါအမေရိကပြိုင်ပွဲမှာ ချန်ပီယံ၈ကြိမ်ဖြစ်ခဲ့ပြီး တတိယ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ အအောင်မြင်ဆုံးနိုင်ငံကတော့ ဥရုဂွေးဖြစ်ပြီး ၁၅ကြိမ်ထိ ဗိုလ်စွဲထားကာ ဒုတိယနေရာမှာတော့ အာဂျင်တီးနား အသင်းက၁၄ကြိမ် ဗိုလ်စွဲပြီး ယခုတစ်ကြိမ် ချန်ပီယံဖြစ်ခဲ့ပါက သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ဥရုဂွေးနဲ့ ပူးတွဲရပ်တည်သွားမှာလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ ပွဲစဉ်ဇယားရေးဆွဲမှုအရ အုပ်စုပထမနဲ့ ဒုတိယ ရရှိတဲ့ ၂သင်းဟာ ကွာတားဖိုင်နယ်ကို တက်ရောက် ရမှာဖြစ်ပြီး အကောင်းဆုံးတတိယရရှိတဲ့ ၂သင်းကလည်း ကွာတားဖိုင်နယ်အဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ကိုပါအမေရိကရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဗိုလ်စွဲဖို့အတွက်တော့ နေမာပါဝင်နေတဲ့ အိမ်ရှင်ဘရာဇီးအသင်း ၊ ရာစုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦး ဆိုတာ သက်သေပြနိုင်ဖို့ နိုင်ငံအသင်းအတွက် ဖလားတစ်လုံး ဆွတ်ခူးပေးဖို့ လိုအပ်နေတဲ့ လီယွန်နယ်မက်ဆီ ပါဝင်နေတဲ့ အာဂျင်တီးနားအသင်း နဲ့ လက်ရှိ ချန်ပီယံ ချီလီအသင်းတို့က အသီးသီး ရေပန်းစားနေကြပါတယ်။ REF : mirror HYA (momolay)

Leave a Reply

Your email address will not be published. Required fields are marked *